Search box

Friday, April 21, 2017

မေတ္တာစာ


မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ



 ရှေးခေတ်…မိခင်က သား မောင်ရွှေအောင် ထံ ပေးသည့် သြဝါဒ မေတ္တာစာ
**********************************
ချမ်းသာစေသော၊ လမ်းသာစေသော၊ လာစေသောဟု၊ သြဓိဿပတ္တနာ၊
မေတ္တာရေချမ်း၊ ဆွတ်ဖျန်းလေ့ရှိ၊ မိခင်စကား၊ မှာကြားလိုက်သည်၊
သား မောင်ရွှေအောင် ... ။
နေ့ရက်လရှည်၊ နှစ်လည် ပေါင်းကူး [1]၊ ဝေးကျူးရပ်မြေ၊ ကြာရှာလေသောကြောင့်၊
မအေ သားချင်း [2]၊ ဆွေရင်းတို့က၊ စိုးရိမ်လှ၍၊ မိဘတို့ထံ၊ ပြန်လည်ခဲ့စေချင်ပါသည်။
ယောက်ျားစွမ်းအား၊ ဝေးရပ်သွား၍၊ နေ့များ နှစ်ကြာ၊ ရှာဖွေသည့် အရေးမှာ…

(၁) သေးမှသာ လှသည် မဟုတ်ပါ၊ ဝေးမှသာ ရသည် မဟုတ်ပါ၊
             မသေးပဲနှင့်ပင် လှပါသည်၊ မဝေးပဲနှင့်ပင် ရပါသည်။
(၂) ပြာ[3] မှသာ လှသည် မဟုတ်ပါ၊ ကြာမှသာ ရသည် မဟုတ်ပါ၊
            မပြာပဲနှင့်ပင် လှပါသည်၊ မကြာပဲနှင့်ပင် ရပါသည်။
(၃) ကံသာ ဥစ္စာဓန ဖြစ်ချေသည်၊ ဉာဏ်မှာ ဟုတ်ရာသမျှ ဖြစ်ချေသည်။
(၄) ကံရှိမှ တက်သည်၊ ဥာဏ်ရှိမှ မြတ်သည်။
(၅) ကံနှိုးဆော်မှ ထင်ပေါ်သည်၊ ဉာဏ်နှိုးဆော်မှ မြင်မြော်သည်။
(၆) ကံပင်ရှိသော်လည်း ဝီရိယ ချွတ်တတ်သည်၊ ဉာဏ်ပင်ရှိသော်လည်း
            သတိက လွတ်တတ်သည်။
(၇) ကံပင်ရှိသော်လည်း ဝီရိယ ကူရမည်၊ ဉာဏ်ပင်ရှိသော်လည်း
            သတိက မူရမည်။
(၈) ကြော့ကြမ်း [4]လျှင် မုန်းတတ်သည်၊ သော့သွမ်း[5]လျှင် ဆုံးတတ်သည်၊
            ဟော့ရမ်း[6]လျှင် ရှုံးတတ်သည်။
(၉) မကြော့ မကြမ်း နုရမည်၊ မသော့ မသွမ်း ပြုရမည်၊ မဟော့ မရမ်း ရှုရမည်။
(၁၀) ဂူပျက်ကိုလည်း မအောင်းနှင့်၊ လူပျက်[7]ကိုလည်း မပေါင်းနှင့်၊
           ဂူပျက်ကို အောင်းလျှင် ပိတတ်သည်၊ လူပျက်ကို ပေါင်းလျှင် ငြိတတ်သည်။

(၁၁) ထန်းလျက်နှင့် တူသည်လို့ ကျောက်ဖြူကိုလည်း မနမ်းနှင့်၊ ကျွမ်းလျက်နှင့် မြူသည်လို့ အောက်သူကိုလည်း မစမ်းနှင့်၊
ကျောက်ဖြူကို နမ်းလျှင် ဖုံကပ်သည်[8]၊ အောက်သူကို စမ်းလျှင် ကုန်တတ်သည်။
(၁၂) ကျတိုင်းလည်း ကုန်း၍ မကောက်နှင့်၊ ရတိုင်းလည်း သုံး၍ မဖျောက်နှင့်၊
          ကျတိုင်း ကောက်လျှင် လူရယ်မည်၊ ရတိုင်း ဖျောက်လျှင် ဖြူလွယ်သည်[9]။

အတည်တည် မှာထား၊ သည်စကားရပ်များကို၊ စုံစမ်းကြည့်ရှု စရနည်[10] လျက်၊
အထည်နှင့် အနံ၊ ဆင်တန်ရုံ ကြံစား[11] ၍၊ ယောက်ျားပြီစွာ၊လိမ္မာမြော်မြင်သည်နှင့်
အညီ၊ တလီမြန်မြန်၊ မယ်တို့ ထံသို့၊ ပြန်လည်ခဲ့မည့် အရေးကို၊ ရှေးလွမ်းဟောင်းတွင်၊ လွမ်းသစ်တင်၍၊ မြင်ချင်လှသည့် စိတ်ထားနှင့်၊ မှာကြားလိုက်ပါသည်၊
သား - မောင်ရွှေအောင်။

(ကျည်းကန်ရှင်ကြီး)
 ******************************
 နံပါတ်များ တပ်ထားသည့် ခက်ဆစ်များ
++++ ++++++ ++++++
[1] ပေါင်းကူး = ဆက်စပ်ခြင်း၊ တခုမှတခုသို့ ပေါင်းမိအောင် ကူးသန်းခြင်း။
[2] သားချင်း = တမိတည်းမှ ပေါက်ပွားသော သားသမီးများ။
[3] ပြာ = ညက်ညောခြင်း၊ နူးညံ့ခြင်း။
[4] ကြော့ကြမ်း = ကြမ်းတမ်းခြင်း၊ ရိုင်းစိုင်းခြင်း။
[5] သော့သွမ်း = ရမ်းကားခြင်း၊ ဆိုးသွမ်းခြင်း။
[6] ဟော့ရမ်း = စည်းကမ်းမဲ့ပြုခြင်း၊ အစဉ်းစားမရှိ လုပ်ကိုင်ခြင်း။
[7] လူပျက် = အကျင့်စာရိတ္တ ပျက်ပြားသူ၊ လူယုတ်မာ။
[8] ဖုံတတ်သည်
[9] ဖြူလွယ်သည် = ကုန်စင်သည်၊ မနှေးလျင်စွာ ပြောင်ချောသွားသည်။
[10] စရနည် = အကုန်နှံ့အောင် ရောမွှေခြင်း။
[11] ကြံစည် = အထူးကြံစည်၍။

(အမွေအနှစ်) 

No comments:

Post a Comment