Search box

Wednesday, May 3, 2017

ကွယ်​ခြင်းအ​ကြောင်း

ကွယ်သုံးကွယ်
&&&&&&&&&&&&

ကွယ်သုံးကွယ်တဲ့..။ အင်မတန်မှ ကြောက်ဖို့ ကောင်းပါတယ်။ တကယ် ဒီ သုံးခုသာ ကွယ်ခဲ့မယ်ဆိုရင် အနာဂတ် သာသနာရဲ့ အခြေအနေဟာ မတွေးရဲ စရာပါ။ ခုလည်း ဒီကွယ်သုံးကွယ်ဟာ အများဆုံး ဖြစ်နေကြတာပါ။ ကွယ်သုံးကွယ်တွေဟာ ဘာတွေလည်း? ကွယ်သုံးကွယ် ဆိုတာကတော့ (၁) ဘုရားကို စေတီ ကွယ်တယ်၊ (၂) တရားကို စာပေ(ဓမ္မကထိက) ကွယ်တယ်၊ (၃) သံဃာကို ဘုန်းကြီး ကွယ်တယ်တဲ့။

ဘုရားကို စေတီကွယ်တယ် တဲ့..။ စေတီတွေက ဘုရားကို ကွယ်တာ မဟုတ်ပါဘူး။ လူတွေကသာ ဘုရားကို စေတီတွေနဲ့ ကွယ်ပြစ်ကြတာပါ။ တကယ်တမ်းက ဘုရားရှင် ခန္ဓပရိနိဗ္ဗာန် ၀င်စံတော်မူပြီးတဲ့ နောက် ကြွင်းကျန်သော ဓါတ်တော်တွေကို ဓာတုစေတီ၊ ဓမ္မစေတီ၊ ဥစေဿစေတီ၊ ပရိဘောဂ စေတီဆိုပြီး ကိုယ်စားတော်အဖြစ် ကိုးကွယ်ဖို့ ထားခဲ့ပါတယ်။ ဘုရားရှင် သက်တော်ထင်ရှား မရှိတဲ့ နောက် ဒီစေတီတော်တွေဟာ ဘုရားရှင် ကိုယ်စားတော်တွေပဲ ဖြစ်ကြပါတယ်။ သက်တော်ထင်ရှား ဘုရားနဲ့ စေတီတော်တွေဟာ တကယ်တော့ စိတ်ထားတတ်မယ်ဆို အတူတူပါပဲ။ ဘုရားရှင်ရဲ့ သာသနာတော်ကို ထိန်းတဲ့ စေတီတွေ မရှိဘူးဆိုရင် သာသနာတော် ကွယ်တာပါပဲ။ သာသနာ ငါးမျိုး ဖြစ်တဲ့ ပရိယတ္တိ သာသာနာ၊ ပဋိပတ္တိ သာသနာ၊ အဓိဂမ သာသနာ၊ လိင်္ဂ သာသနာ၊ ဓာတု သာသနာဆိုတဲ့ သာသနာတော် ငါးပါးမှာ ဓာတု သာသနာတော်ဟာ နောက်ဆုံးကွယ်တဲ့ သာသနာတော် ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ ဓါတ်တော် မွေတော်ဟာ သာသနာတော် ကွယ်သည့် တိုင်အောင် လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ ကောင်းကျိုး အတွက် တည်နေကြပါ သေးတယ်.. နောက်ဆုံး လုံးဝပူဇော်သူ မရှိတော့ဘူးဆိုမှ ကွယ်ပျောက်တော် မူကြပါတယ်။ ဒါဆို စေတီတော်တွေဟာ ဘုရားရှင်နဲ့ အတူတူလို့လည်း ပြောသေးတယ်.. ဘာလို့ဘုရားကို စေတီကွယ်တယ်လို့ ဆိုရတာလည်း?

လူအများစု ဘုရားဖူးသွားတဲ့ ပုံစံလေး မျက်စိထဲမှာ မြင်ကြည့်ရင် ဒီအချက်က သိသာပါတယ်။ လူအများစုဟာ ဘုရားသွားရင် ဘာတွေ မြင်လည်းဆိုတော့ ဘယ်ဘုရားက တန်ခိုးကြီးတယ်.. ဘယ်ဘုရားက နာမည်လေးက လာဘ်ဝင်တဲ့နာမည်လေး.. ဘယ်ဘုရားကတော့ အဓိဌာန်အောင်တယ် ဆိုပြီးတော့ သွားကြပါတယ်။ ဒါဟာ တကယ်တော့ ဘုရားကို စေတီကွယ်တာပါ။ ဘုရားကိုသွားတယ်.. စေတီကို ဖူးတယ်ဆိုတာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ရည်မှန်းပြီးတော့ ဘုရားရှင်ရဲ့ မေတ္တာတော် ကျေးဇူးတော် အနန္ဒကို ရှိခိုး ဦးညွတ် ကန်တော့တာပါ။ ဒါပေမယ့်.. ခုခောတ်မှာတော့ အယူတွေ လွဲနေကြတယ်။ ဘုရားဖူးသွားရင် နာမည်ကြီးတဲ့ ဘုရားမှ သွားချင်တယ်.. တန်ခိုးကြီးတယ်ဆိုတဲ့ ဘုရားမှ သွားချင်တယ်.. ရောင်ခြည်တော် ကွန့်မြူးတာ ပြတယ်ဆိုတဲ့ ဘုရားမှ သွားချင်ကြပါတယ်။ သွားတဲ့ လူတွေရဲ့ စိတ်ထဲမှာ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ပွားပြီး ဘုရားမေတ္တာတော် ဂရုဏာတော်အနန္တကို မြင်တဲ့သူ ဘယ်နှစ်ဦးရှိပါသလဲ? ဒီအချက်က ဘုရားကို စေတီကွယ်တယ်ဆိုတာ မီးမောင်း ထိုးပြနေသလိုပါပဲ။ နောက်.. ဘယ်ဘုရားက တန်ခိုးကြီးတယ်ဆိုပြီး သွားလိုက်ရ.. ဘယ်ဘုရားက ရောင်ခြည်တော် ကွန့်မြူးတယ်ဆိုပြီး သွားလိုက်ရနဲ့.. အင်မတန်မှ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အိမ်မှာရှိတဲ့ ဘုရားကို တကယ့်ဘုရားလို့ ထင်မှတ်ပြီး ရှိခိုးလိုက်ရင် ဘုရားပါပဲ။ ဒါပေမယ့် လူတွေက အိမ်မှာရှိတဲ့ ဘုရားကျတော့ ပုံမှန်ဆွမ်းကပ်ရမှန်း.. ရေချမ်းကပ်ရမှန်း မသိဘူး။ ဟိုး အဝေးမှာရှိတဲ့ ဘုရားကို အပင်ပန်းခံသွား.. မရောက်ဖူးလို့သွား.. အမျိုးမျိုး အကြောင်းပြပြီးတော့ ဘုရားလည် ထွက်ကြပါတယ်။ အင်မတန်မှ ၀မ်းနည်းစရာ ကောင်းပါဘိ။ ဒါဟာ တကယ်တော့ ဘုရားကို စေတီတွေက ကွယ်မှန်းမသိ ကွယ်နေကြတာပါ။ စေတီက ကွယ်တာ မဟုတ်ပါဘူးနော်.. လူတွေကသာ စေတီတွေနဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော် မေတ္တာတော် ကျေးဇူးတော်တွေကို ကွယ်လိုက်ကြတာပါ။

နောက် ကွယ်တာ တစ်ခုကတော့ တရားကို စာပေ(ဓမ္မကထိက) ကွယ်တာပါ။ တရားဆိုတာ ဘုရားရှင် (၄၅)၀ါ ကာလပါတ်လုံး ဟောကြားတော်မူခဲ့တဲ့ ငိဋိကတ်တော်တွေပါပဲ။ ပိဋိကတ်တော်ကို ဟောကြားတာက ဓမ္မကထိက ဆရာတော်..နောက် ပိဋိကတ်တော် ရေးမှတ်ထားတာက စာပေပါ။ သာသနာတော်ရဲ့ အသက်ဟာ နှစ်ပေါင်း (၂၅၀၀) ကျော် လွန်လာသည့်တိုင်အောင် ဘယ်သူတွေ သယ်ဆောင်လာခဲ့သလဲဆိုရင် စာသင်စာချဆရာတော်တွေနဲ့ ဘဏကဆောင် ပုဂ္ဂိုလ်တွေ၊ စာသင်စာချပုဂ္ဂိုလ်တွေ က သယ်ဆောင် လာခဲ့တာပါ။ ဒါဆိုရင် တရားကို စာပေ(ဓမ္မကထိက) တွေကွယ်တယ်လို့ ဘာလို့ ပြောရတာလည်း?

တရားတော်ကို တကယ်တမ်းတော့ စာပေကလည်း မကွယ်ပါဘူး.. စာချဆရာတော်တွေကလည်း မကွယ်ပါဘူး.. တရားဟော ဓမ္မကထိက ဆရာတော်တွေ ကလည်း မကွယ်ပါဘူး။ တရားကို စာပေကွယ်တယ်ဆိုတဲ့ ဆိုလိုရင်းကတော့.. ဘုရားစာပေတွေဟာ အလှကြည့်နေဖို့ အပျော်နားထောင်ဖို့ စာပေကို ဒီအတိုင်း ထားခဲ့တာ မဟုတ်ပါဘူး။ ကျင့်သင့်တာကျင့်ဖို့ ရှောင်သင့်တာ ရှောင်ဖို့ ဟောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေက တရားကို ဘာတွေနဲ့ ကွယ်လည်း ဆိုတော့ တရားတော်ကို စာပေ ဆောင်ထားတာနဲ့တင် လမ်းဆုံးကြတယ်.. လိုက်ပြီး ကျင့်ကြံဖို့ ကျတော့ ပါမလာကြပါဘူး။ ဓမ္မကထိက ဆရာတော်တွေ ဟောကြားတဲ့ တရားကို လိုက်ကျင့်မယ်လို့ မခံယူကြပဲနဲ့.. အသံမှာပဲ (နားထောင်တာလောက်) လမ်းဆုံး သွားကြပါတယ်။ တရားကို သိစရာ မှတ်စရာလောက်ပဲမြင်ပြီး ကျင့်စရာ ဆောင်စရာအထိ မမြင်တတ်ကြပါဘူး။ ဒါဟာ တကယ်တော့ တရားကို စာပေ(ဓမ္မကထိက)တွေ ကွယ်မှန်းမသိ ကွယ်နေတာပါ။

နောက်ဆုံး တစ်ချက်ကတော့ သံဃာကို ဘုန်းကြီး ကွယ်တယ်ဆိုတာပါ။ လူအများစုဟာ သံဃာကို သံဃာလို့ မမြင်ကြပါဘူး။ သူတော်ကောင်းဟာ သံဃာကို မြင်ရင် သံဃာဂုဏ်ကို ရည်စူးပြီး ကြည်ညိုပါတယ်။ သူယုတ်မာကတော့ သံဃာဂုဏ်ကို မမြင်ပဲနဲ့.. သူတို့ ကိုးကွယ်တဲ့ ဘုန်းကြီးမှ သံဃာလို့ ထင်ပါတယ်.. တခြားဘုန်းကြီးဆိုရင် သံဃာလို့ မထင်ကြပါဘူး။ အတွင်းက ဂုဏ်တော်ကို မမြင်ဘဲ အပြင်ပန်း အသွင်အပြင် ပုံစံကိုသာ မြင်နေရင် ဂုဏ်တော်ကို ပုဂ္ဂိုလ်က ဖုံးနေလို့ သံဃာကို ဘုန်းကြီးကွယ်တယ်လို့ ဆိုကြတာပါ။ ကြည်ညိုရာမှာ များသံဃာ ဆိုတဲ့ စကားလေး တစ်ခုရှိပါတယ်။ သံဃာကိုမြင်တာနဲ့ သံဃာ့ဂုဏ်ကိုရည်မှန်းပြီး ကြည်ညိုဖို့ပဲ လိုပါတယ်။ နာမည်ကြီးတဲ့ ဘုန်းကြီး.. ကိုယ် ကိုးကွယ်တဲ့ ဘုန်းကြီး မှ ဘုန်းကြီးထင်တာဟာ တကယ်တော့ သံဃာကို ဘုန်းကြီး ကွယ်မှန်းမသိ ကွယ်နေတာပါ။

ကွယ်သုံးကွယ် အကြောင်းကို တော့ နားလည် သဘောပေါက်လောက်ပြီ ထင်ပါတယ်။ ဒီသုံးခု ကွယ်သွားမယ်ဆိုရင် သာသနာတော် ကွယ်သွားတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့် ကျနော်တို့တွေရဲ့ ရင်ထဲမှာ ဒီသုံးခု မကွယ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီသုံးခု မကွယ်ဖို့ အတွက် ကျနော်တို့တွေရဲ့ ရင်ထဲမှာ ဘုရား၊ တရား၊ သံဃာရဲ့ ဂုဏ်တော်တွေ ကိန်းနေဖို့ လိုပါတယ်။ ဂုဏ်တော်တွေ ကိန်းနေဖို့တင် မဟုတ်ပါဘူး.. ကျေးဇူးတော်တွေ မေတ္တတော်တွေကိုလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။ အပြင်မှာ စေတီတွေ တည်နေတာထက်စာရင် ကိုယ့်ရဲ့ ရင်ထဲမှာ ဘုရားအဆုံးအမတွေ တည်နေဖို့ ပိုပြီး အရေးကြီးပါတယ်။ ဒါဆို ကိုယ့်ရဲ့ရင်ထဲမှာ ဘုရားတည်ထားတာပါပဲ။ ဒါဆိုရင် ဘုရားကို စေတီ ကွယ်စရာ မလိုတော့ပါဘူး။ တရားတော်တွေဆိုလည်း ကိုယ့်ရင်ထဲမှာ ကိန်းပြီး လိုက်နာ ကျင့်ကြံ နေမယ်ဆိုရင် တရားကိုလည်း စာပေ မကွယ်တော့ပါဘူး။ သံဃာကိုလည်း သံဃာဂုဏ်ကို ရည်မှန်းပြီး ကိုးကွယ်တတ်မယ်ဆိုရင် သံဃာကိုလည်း ဘုန်းကြီး မကွယ်တော့ပါဘူး။ ဒါ့ကြောင့် ဘာတွေပဲ ကွယ်နေပါစေ.. ကိုယ့်ရင်ထဲမှာ ဘုရား၊ တရား၊ သံဃာ သုံးပါး မကွယ်ဖို့ အရေးကြီးပါကြောင်း….။။။။
Credit Copy

No comments:

Post a Comment